မင်းကွန်းပုထိုးတော်ကြီး နဲ့ ရာဇဝင်ထဲက အမှားကြီး

မင်းကွန်းပုထိုးတော်ကြီး

စနေနေ့လေးမှာ အလုပ်လုပ်ရတဲ့ သူတွေရှိသလို ကိုယ်တွေလို အေးအေးဆေးဆေးအလုပ်ပိတ်တဲ့ သူတွေလဲ ရှိမှာပဲ။ကိုယ်တွေက အလုပ်ပိတ်လို့ အိမ်မှာ တနေကုန်ထိုင်ပျင်း။ မွေးကတည်းက ကျွန်ဇာတာပါတာလားမသိ။ ပျင်းတာမှ ဘာလုပ်လို့လုပ်ရမှန်းမသိ။အဲ့တော့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်ဆိုပြီး စာတွေချရိုက်လိုက်တော့တာပဲ။ ဒီညပုံပြင်လေးကတော့မင်းကွန်းရဲ့ အသည်းနှလုံး ပုထိုးတော်ကြီးအကြောင်းပါ။စစ်ကိုင်းမြို့ မင်းကွန်းအရပ်မှာ တည်ရှိတာဖြစ်ပါတယ်။ မန်းလေးကဆို နှစ်နာရီလောက်ကားစီးရင် ရောက်ပီဗျ။မင်းကွန်း ပုထိုးတော်ကြီးတည်ရန် အမရပူရပဌမမြို့တည်ဘိုးတော်ဘုရားသည် (၁၁၅၂) ခုနှစ် ၊နတ်တော်လဆန်း (၁၅) ရက်နေ့ (၁၇၉၀)ခုနှစ်တွင် မင်းကွန်းသို့ ထွက်တော်မူခဲ့ပြီး (၄၉)ရက်အကြာ(၁၁၅၂)ခု ၊ တပို့တွဲလ ဆန်း(၅) ရက် ၊တနင်္ဂနွေနေ့၊ ခရစ်နှစ် (၁၇၉၀) ခုနှစ်တွင်ပုထိုးတော်ကြီးအား ရွှေအုတ်စခင်းခဲ့တယ်လို့ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးတွင် ရေးသားဖော်ပြ ထားရှိခဲ့ပါတယ်။ ဘိုးတော်ဘုရားဟာ ပုထိုးတော်ကြီးအပြင် နောက်ထပ် ရေကန်ကြီး၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီး စတဲ့ ကြီးလေးကြီး ဒါယိကာတစ်ဦးဖြစ်ခဲ့ပါတယ်။သူများနဲ့ မတူထူးခြားတဲ့ အလှုတော်တစ်ခုလဲဖြစ်ခဲ့ပါတယ်။ ယခုမင်းကွန်း ပုထိုးတော်ကြီး တည်နေရာသည် ဘုရားလောင်း ကြက်မင်းဖြစ်ခဲ့စဉ် အခါက ကျက်စားရာ အောင်မြေ နေရာဖြစ်ခဲ့ဖူးပါသည်။ တနလာင်္သားဖြစ်သော ဘိုးတော်ဘုရားဟာ သူ၏စိတ်ကူး အလှုအား လက်တွေ့ အကောင်အထည်ဖေါ်ရန် ဗေဒင်ကိန်းခန်းအရ အသင့်တော်ဆုံး နေရာဖြစ်သော မင်းကွန်းနေရာကို ရွှေးချယ်ခဲ့တာဖြစ်ပါတယ်။မင်းကွန်းဖြစ်ပေါ်လာပုံကိုလဲ ထက်ပြီးပြောပြချင်ပါသေးတယ်။ ယခင်အမည်က မင်းကောင်ရွာ ဖြစ်ပြီး အင်းဝခေတ်တွင် မင်းခေါင်ဟူသော ဘုရင်၏ အမည်နှင့် ဆင်တူနေတာကြောင့် "မင်းရွာ" ဟု ပြောင်းခဲ့ရပါ သည်။ ဘိုးတော်ဘုရား လက်ထက်တွင် ဘိုးတော်ဘုရား ယာယီစံနန်းဖြင့် ကွန်းခို စံမြန်းတော်မူခဲ့ပြန်လေရာ မင်းကွန်းဟု ယနေတိုင်ခေါ်နေသော အမည်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ မင်းကွန်းကိုရောက်ရင် အဝေးကနေ ပုထိုးတော်ကြီးကို ဖူးလိုက်လျှင် အရွယ်အစားက သိပ်ပြီးကြီးမားတယ်လို့ မထင်ရပေမယ့် တကယ့်အနီးနားရောက်တဲ့အခါမှာတော့ထုထည်ကြီးမားတာကို ရောက်ဖူးသူတိုင်းသိမှာပါ။ဤမျှကြီးမားသော ပုထိုးတော်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း (၂၀၀)ကျော် ကုန်းဘောင်ခောတ်ဘုရင် ဘိုးတော်ဘုရားရဲ့ အလှူကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဘုရား တည်ဆောက်ရေး ကာလတွင်၊ ပုထိုးတော် ကြီး၌ အများပြည်သူ ဖူးမျှော်နိုင်စေရန် သံပိဿာချိန် (၁၁၃၆၈) ဖြင့် နန်းတော်ကျွန်းရွာတွင် ရှေးယခင်မင်း တစ်ပါးမျှ မသွန်းလုပ် မပူဇော်ခဲ့ဖူးသော သံဆင်းတုတော် တစ်ဆူကိုလည်း သွန်းလုပ် စေခဲ့ပြန်ပါသည်။ အဲ့ဆင်းတုတော်ကတော့ အခြားမဟုတ် ယနေ့ မန္တလေးတောင်ခြေရှိ စန္ဒာမုနိဘုရားကြီးပဲဖြစ်ပါတယ်။စီမံကိန်းကာလအတွင်း ပြဿနာကြီးများ အမျိုးစုံ ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ဘိုးတော်ဘုရား၏ ဆင်ဖြူတစ်ကောင် သေလေသဖြင့် ဆင်ဖြူမရှိလျှင် ရန်သူလာတိုက်ခိုက်နိုင်သည်ဟု ဘိုးတော်ဘုရားက ခံစားရပြန်ပါသည်။ ထို့ကြောင့် ဆင်ဖြူသေသည်ဟု မည်သူမျှ မပြောရ ဆင်ဖြူပျောက် သည်ဟုသာ ပြောကြ ရပါတယ်။ ဆင်ဖြုတော် သေသည်ကို စိတ်မကောင်းဖြစ်လွန်းသဖြင့် ပုထိုးတော်ကြီး ၏ အနောက်မြောက်ထောင့် တွင်ဆင်သေကို မြှပ်နှံလိုက်တယ်။ အဲ့ဆင်ဖြူကို မြှပ်တဲ့နေရာအနီးမှာပဲ ရှင်လွန်းမယ်မိဖုရား နတ်ပြည်စံလေပြန်သဖြင့် ရှင်လွန်းမယ်ကို မခွဲနိုင်ကာ လချီ၍ထားပြီး အမရပူရတွင် သဂြိုလ်ရန် စီစဉ်ရပြန်ပါတယ်။လူသေကိုမြို့ထဲ ပြန်မသွင်းရန် မှူးမတ်များအကြံပြုရာမှ ဆင်ဖြူမြှပ်ရာအနီးတွင် မိဖုရားအား မြှပ်ပြန်တယ်။ အဲ့အချက်ကလဲ ပုထိုးတော်ကြီးဆောက်တဲ့နေရာမှာ အမှားတစ်ခုအနေနဲ့လဲ ပါတယ်။အဲဒီအလှုကြီးပြီးမြောက်ဖိုကအတွက် လူအင်အား အချိန်တွေအများကြီးရတာပေါ့။ တဖြည်းဖြည်းနဲ့ ပြည်သူတွေရဲ့ စီးပွားရေးအခြေအနေဟာလဲ ထိခိုက်လာတယ်။ မကျေနှပ်မှုများလည်း ဖြစ်ပေါ်လာကြပါတယ်။ အခုခေတ်ဆိုရင်တော့ ပုထိုးတော်ကြောင့်အလုပ်ပျက်သူများအဖွဲ့ဆိုပြီး Facebook Group တွေဘာတွေ လုပ်လောက်ပြီပေါ့။ နောက်ဆုံး ကမ္ဘာအကြီးဆုံး ပုထိုးတော် ကြီး ဖြစ်ခွင့်နှင့်လွှဲသွားလေရန် ဘိုးတော်ဘုရား ကြုံတွေ့ လာရပါလေတော့သည်။အဲခေတ်တုန်းကတော့အခုလို "ကြက်ထောင့် ကြောင်ဝပ်၊ ဝါကျွတ်မှ ထ ၊ ကြီးလေးကြီး အပြီး မသတ်၊ မုဆိုး သုည ကပ်" ဟူသော တဘောင် တစ်ခုပေါ်ထွက်လာတော့တာပဲ။ အဲ့တဘောင်ရဲ့ အဓိပ္ပါယ်ကတော့ ကြက်ထောင့် ကန်ကို ဝါကျွတ်မှ ထဆိုရာတွင် (ကြောင်ထသောလ- ပြာသိုလ) မှာမှ စတူး သည်ဟု ဆိုလိုပါသည်။ ကြီးလေးကြီးကို အပြီးမသတ်နှင့် အပြီးသတ်လျှင် မုဆိုးဖို ခေါ် ကုန်းဘောင်မင်းဆက် ပျက်သုန်းမည် ဟု အဓိပ္ပါယ် ရပါသည်။ အာဏာရှင် ပဒေသရဇ် မှန်လျှင် အတိတ်၊ တဘောင်၊ စနည်း၊ ဗေဒင် ယတြာ တို့ကို အစွမ်းကုန် ယုံကြည်ကာ မိမိ၏ ရာထူး အာဏာ လက်လွှတ် ရမည့် အရေးကို သေဘေး သဖွယ် အလွန်ကြောက်ရွံ့ထိပ်လန့် တတ်ကြပြီး မိမိ့ကိုယ့်ကိုကိုယ် မိမိ့ ကာကွယ်ရန် မည်သည့်ကိစ္စမဆို လုပ်ရဲကြပါသည်။ ကန်ကြီး ၊ ခြင်္သေ့ကြီး ၊ ခေါင်းလောင်းကြီး၊ တို့ပြီးသွား ခဲ့ပါလေပြီ ၊ အကယ်၍ ပုထိုးတော် ကြီးပြီးသွားခဲ့ပါလျှင် မင်းဆက်ပျက်သုန်းမည်ကို ကြောက်ရွံ့ သွားသော ဘိုးတော် ဘုရားသည် နှစ် (၂၀) ခန့် အချိန်ယူတည်လာခဲ့သော ပုထိုးတော် စီမံကိန်းကို (၁၈၁၂) ခုနှစ်တွင် ချက်ချင်းရပ်ရန် သံဓိဌာန် ချလိုက်ရပါလေတော့သည်။ ၎င်းနောက် ပုထိုးတော်ကြီး အစား ပုံတော်ဘုရားအား အပြီး သတ်တည်ခဲ့ပြီး ၊ စန္ဒာမုနိဆင်းတုတော်ကို အမရပူရရှိ မဟာစန္ဒာမုနိသို့ (အမရပူရအဝင် ဓာတ်ဆီဆိုင်အနီး)ပြန်သယ်ခဲ့ပါသည်။ ထိုဆင်းတုတော်ကို မင်းတုန်းမင်းမှ ယခုမန္တလေးမြို့သို့ ပြန်လည်ပြောင်းရွှေ့ သယ်ယူ ခဲ့တာပဲဖြစ်ပါတယ်။ ပုဂံဘုရားများကဲ့သို့ ငလျင်အတွက် လိုက်လျော ညီထွေသော အုတ်စီပညာ နှင့်ထောင့်ချုပ် ကျောက် (Corner Stones) များ မထားရှိတာကြောင့် "စကြာရေချ ငလျင်ဒဏ် ခံလိုက်ရအပြီး ဧရာမ အက်ကြောင်း ကြီးများ ပေါ်လာပါလေ တော့သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါလေတော့သည်။ ပုံပြင်လေးကတော့ ဒီညအတွက်ဒီလောက်ပါပဲဗျ။ ဒီလိုပုံပြင်လေးတွေပြောနိုင်အောင်လို့ သမိုင်းကိုရေးပေးခဲ့တဲ့ သူတွေကိုလဲ ဒီနေရာကနေ ဦးခိုက်ပါတယ်။နောက်ထပ်ခရီးတွေသွားရင်းနဲ့ သမိုင်းတွေရှာဖွေခဲ့ပါအုံးမယ်။

Comments