ဘော်ဒါများနဲ့ချင်းမိုင်လည်

ဘော်ဒါများနဲ့ ချင်းမိုင်လည်
တစ်နေ့တစ်နေ့ အလုပ်သွားလိုက် အိမ်ပြန်လိုက်နဲ့ နေ့တိုင်းက ခေါက်ရိုးတွေကျိုးနေရောပေါ့။ အဲ့ဒါဏ်တွေထဲကနေ ခဏထွက်ပြီး ဈေးသက်သက်သာသာနဲ့ နိုင်ငံခြားဆိုတဲ့နေရာလေးတစ်ခုကို ဘော်ဒါတွေ စုပေါင်းပြီးမသွားချင်ဘူးလား??
ချင်းမိုင်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ မြို့လေးက ဘော်ဒါတွေအဖွဲ့လိုက်သွားရင် အရမ်းသွားလို့ကောင်းတဲ့မြို့လေးတစ်မြို့ပေါ့။ ပိုက်ဆံကိုလဲ သိပ်ပြီးစဉ်းစားစရာမလိုဘူး။ ဒီမြို့လေးမှာ အစစအရာရာ အရမ်းအရမ်းဈေးပေါတယ်ဆိုတာ မင်းသိရင်သိပ်ကောင်းမှာပဲ။ အကြိုက်သွား အကြိုက်စားရင်တောင် ဘယ်လောက်မှ မကုန်တဲ့နိုင်ငံခြားပါ။ ဘော်ဒါတွေအဖွဲ့လိုက်ဆိုတော့ အမုန်းကဲ အမုန်းသွား အရမ်းပျော်ဖို့ကောင်းတဲ့မြို့လေးတစ်မြို့။ ဘော်ဒါတွေနဲ့ တက်ညီလက်ညီ ညဈေးတွေလျှောက်သွားမယ်။ ထိုင်းအစားအသောက်တွေ ကြုံသလိုစားကြမယ်။ ဇင်းမယ်အဆင်ဆန်းလေးတွေ ဝယ်ကြမယ်။ ညကျရင် ဈေးချိုချိုနဲ့ ဘားလေးတွေထိုင်ကြမယ်။ ဘော်ဒါတွေနဲ့ဆို အကုန်အကျသက်သက်သာသာနဲ့ အရမ်းပျော်ဖို့ကောင်းသော ချင်းမိုင်ဆိုတဲ့မြို့လေးအကြောင်းကို ဒန်ဒန်က ဘော်ဒါတွေအားလုံးပါပြီးသွားနိုင်အောင် ဘတ်ချက်သက်သက်သာသာလေးနဲ့ရေးပေးချင်တယ်။ ကဲ ပထမဆုံးအနေနဲ့ ဘဏ်စာအုပ်လေးထဲ ဘယ်လာက်ရှိရင် အဆင်ပြေမလဲ။



ဘဏ်ထဲမှာ ဘယ်လောက်ရှိရမလဲ🤑

Air Ticket - Around 85$ to 90$
အဲ့ဈေးက AirAsia ကနေဝယ်ရင်ရမယ်ဈေးပါ။ ရန်ကုန်-ချင်းမိုင် တိုက်ရိုက်လေကြောင်းဖြစ်ပြီးတော့ လေယာဉ်စီးဖို့ကြာချိန်ကလဲ ၄၅ မိနစ်ထဲရယ်။ တစ်ခုက ရန်ကုန်-ချင်းမိုင် တိုက်ရိုက်လေယာဉ်တွေက အင်္ဂါ၊ကြာသာပတေး၊စနေပဲထွက်တာ အဲ့တော့ စနေနေ့သွား အင်္ဂါနေ့ပြန်လာရင်အရမ်းအဆင်ပြေတယ်။ အဲ့နေ့သွားရင် မဟာအခွင့်အရေးကြီးတစ်ခုရှိတယ်။ အဲ့အကြောင်းကို အောက်မှာပြောပြထားတယ်။
Gust House (Or) Hostel - Around 15$
အဲ့တာတစ်ခန်းဈေးဆိုတော့ အခန်းမှာနှစ်ယောက်နေရင် တစ်ယောက်တစ်ဝက်အေးဆေးပဲ။ ဘော်ဒါတွေများများစုထား လူများလေ တန်လေပဲ။
အစားအသောက်ဖိုး - 200B
အကြိုက်စားမှ 200B ဆိုတော့ မြန်မာငွေဆို ၈၅၀၀ လောက်ထဲရယ်။ အဲ့တာတောင် ဒန်ဒန်ဆို တစ်နှပ်ကို နှစ်ပွဲစားသူနော်။ Food Court မှာ ဈေးသက်သာတွေရွှေးပြီးတော့စားရတာပေါ့။ ဒါပေမယ့် အသေ အရသာကောင်း။
အခြားစရိတ် - 100$
အဲ့တာက သွားစရိတ် ဝယ်စရိတ်။ ညက ဘားမှာမူးသရိုးသရီလေးသောက်ဖို့စရိတ်ပေါ့။
အဲ့တာဆိုဘဏ်ကဒ်ထဲမှာ ၃၅၀၀၀၀ကျပ် လောက်ရတာနဲ့ ဘော်ဒါတွေအားလုံးစုပြီး ဒီခရီးလေးကို သွားလို့ရပြီ။ ပတ်စပို့လေးရှိရုံပဲ..ဗီဇာကလဲမလိုဘူးလေ.. အိုကေ ပိုက်ပိုက်ရှိပြီဆိုရင်တော့ ဘယ်လိုနေရာလေးတွေသွားမလဲဆိုတာကို ပြောပြပေးမယ်။


🚘

ဘယ်လိုသွားကြမလဲ🚘
ကျွန်တော်တို့သွားခဲ့တဲ့ ပုံစံလေးအတိုင်းပဲပြောပြမယ်နော်။ ဒန်ဒန်တို့တည်းတဲ့နေရာလေးက ညဈေးနှစ်ခုလောက်ရှိတဲ့နေရာလေး။ အဲ့တော့ အရမ်းမိုက်တယ်။ ညကျရင်အနီးအနားက ဈေးလေးတွေလျှောက်သွားကြတယ်။ ဟိုတယ်နံမည်က Lanna Thai Guesthouse ဆိုတဲ့ဟာလေး။ ဈေးလေးလဲသက်သက်သာသာနဲ့ အရမ်းနေလို့ကောင်းတယ်။ ဟိုနားဒီနားသွားရင် Grab လေးနဲသွားရင်ပိုအဆင်ပြေဆုံးပဲ။ Grab က အဖွဲ့များတယ်ဆို RodDaeng ဆိုတဲ့ဟာလေးစီး။ အဲ့တာလေးက က ဒိုန်နာကားအနီလေးတွေ။ အဖွဲ့လိုက်စီးသွားရင် အရမ်းမိုက်။ နီးနီးနားနားဆို Grab လေးနဲ့သွား။ ဝေးဝေးသွားမယ်ဆို အဲ့မယ်ဆို အဲ့အနီကားလေးကို တစ်ရက်လုံး ၁၀၀၀ ဝန်းကျင်နဲ့ငှားလို့ရတယ်။ ဒန်ဒန်တို့က ငါးယောက်ဆိုယောက်ဆိုတော့ တစ်ယောက်မှ ဘတ်၂၀၀ ပဲကျတယ်။ တစ်ရက်ကို တစ်ထောင်ပေးပြီးသွားတယ် နောက်နေ့က Grab လေးငှားပြီးသွားတယ်။

ဘယ်ကိုသွားကြမလဲ🗺
ဈေးလေးနဲနဲလေးနဲ့မို့ ဘော်ဒါတွေနေရာစုံမရောက်ဘူးလို့ မထင်လိုက်ပါနဲ့။ ချင်းမိုင်ရဲ့ဆွဲဆောင်မှု့တစ်ခုဖြစ်တဲ့ ဆင်စခန်းတွေသွားမယ်။ Shopping Center တွေလဲပါတ်မယ်။ ဒေသအဝတ်အထည်တွေနဲ့ အစားအသောက်တွေပေါတဲ့ ညဈေးတွေထဲလျှောက်လည်မယ်။ ချင်းမိုင်မြို့ဟောင်းထဲကဘုရားတွေလျှောက်ဖူးကြမယ်။ သူငယ်ချင်းတွေနဲ့ Nightout သွားကြမယ်။ အဲ့နေရာလေးတွေက ဘယ်လိုနေရာမျိုးလေးလဲဆိုတာကို အောက်မှာဆက်ဖတ်ပေးပါ။
🐘🐘Maesa Elephant Camp 🐘🐘
ဘော်ဒါတွေခွီရင်း ဆင်လေးတွေဆီသွားကြမယ်။ဝင်ကြေးက ၂၅၀ဘတ်ပဲကျတယ်။ တကယ်လို့ ဆင်လေးတွေကို ရေချိုးပေး ဆင်စီးမယ်ဆိုရင်တော့ ၁၀၀၀ဘတ်လောက်ပေးရတယ်။ အဲ့တာမဝယ်နဲ့ မြန်မာရောက်မှ ဆင်တွေအကြိုက်ရေချိုးပေး။ ဒီအတိုင်း ၂၅၀ဘတ်ပေးပြီးဝင် ဆင်လေးတွေနဲ့လဲ ဓါတ်ပုံရိုက်လို့လဲရတယ် ဆင်ပေါ်တက်ပြီး လဲရိုက်လို့ရတယ်။ ဆင်ပိစီလေးတွေကိုလဲ အစာကျွေးလို့ရတယ်။ ၂၅၀ နဲ့ အရမ်းတန်သော နေရာလေး။ ပြီးရင်အဲ့နားလေးနားက ဆင်ရဲ့ အီအီးလေးတွေနဲ့ လုပ်ထားတဲ့ စာရွတ်လေးရောင်းတဲ့နေရာလေးကို သွားကြတယ်။
🐘 Poopoopaper 🐘
အဲ့မှာ Coffee Shop လေးရှိရင် အဲ့နေရာလေးထိုင်ခဲ့။ ထိုင်လို့အရမ်းကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့။ အရှေ့မှာက ကန်ငယ်လေးနဲ့ အရမ်းမိုက်။

Central Festival Shopping Center 🛍
ဈေးဝယ်တာကြိုက်တဲ့ ဘော်ဒါတွေအတွက်အကြိုက်ပဲ။ H&M တို့ Zara တို့ရှိတယ်။ Discount ရှိရင်အမုန်းဝယ်လို့ရတယ်။ အောက်ဆုံးထပ်က Food Court ကလဲ အရမ်းစားလို့ကောင်းတဲ့အစာတွေအစုံပဲ။ အဲကနေပြီးတော့ ပထမတစ်ရက် ၁၀၀၀ နဲ့ငှားလာတဲ့ကားအနီးလေးကိုပြန်လွှတ်လိုက်တယ်။ ပြီးတော့ Grab ကနေ ကားအနီလေးခေါ်ပြီး Maya Shopping Center ကိုထပ်သွားကြတယ်။ ဘော်ဒါတွေနဲ့ဆိုတော့ အဲ့လိုလေးသွားလဲ ကားခကဘယ်လောက်မှ မကုန်ဘူးရယ်။
🛍Maya Lifestyle Shopping Center🛍
အဲ့မှာက ဈေးဝယ်စရာတွေအသေပေါတယ်။ တကယ်တော့ အဲ့နားအမိုက်ဆုံးက One nimman ဆိုတဲ့နေရာပဲ။ Maya ကကြည့်လိုက်လိုက်ရင် နာရီစင်ချွန်ချွန်လေးရှိတဲ့နေရာ။ ဥရောပဆန်ဆန် အဆောက်အဦးကြီးထဲမှာ ဥရောပဆန်ဆန်ဆိုင်လေးတွေရှိတယ်။ ဥရောပဆန်ဆန် Music လေးတွေနဲ့ အရမ်းဟိုင်းဆန်တဲ့နေရာလေးပေါ့။ ညဘက်ဆိုမီးရောင်စုံလေးတွေနဲ့ အရမ်းလှတဲ့ ချင်းမိုင်ကနေရာတစ်ခုပါ။
🛍Sunday Walking Street Night Market🛍
Sunday တစ်ရက်တည်းသာဖွင့်တဲ့ ချင်းမိုင်ရဲ့ ညဈေးတန်းကတော့ ရောက်ဖူးသမျှထဲ အရှည်လျားဆုံး အကြီးမားဆုံးပါပဲ..ဒေသထွက် စားစရာတွေ အဝတ်အထည်တွေ လက်မှုပစ္စည်းတွေနဲ့ အနုပညာလက်ရာတွေဟာ ငေးရင်း ရွေးရင်း အချိန်နဲ့ပါသမျှပိုက်ဆံတွေကုန်လို့ကုန်မှန်းမသိလောက်အောင် ဆွဲဆောင်အားကောင်းလှပါတယ်။ ဈေးတွေကလဲ မတရား သက်သာတာကိုး။ အလှဆုံးဓါတ်ပုံတွေလည်းရိုက်ကူးရင်း တစ်ပါတ်မှာ တစ်ရက် တစ်ရက်မှာ တစ်ညသာဖွင့်တဲ့ ဒီညဈေးဟာ ချင်းမိုင်ကိုလာလည်မယ်ဆို မဖြစ်မနေ လာကိုလာသင့်တဲ့ နေရာတစ်ခုပါပဲ။ အဲ့တာကြောင့် စနေနေ့ Flight နဲ့လာရင် အဲ့ဈေးလေးပတ်လို့ရတယ်။
🛍Kalare Night Bazaar🛍
ဒီညဈေးလေးက ကျွန်တော်တို့တည်းတဲ့နားလေးမှာရှိတာ။ ထိုင်းညဈေးရဲ့တွေ့နေကျ Handmade လေးတွေကို ချင်းမိုင်ဒီဇိုင်းလေးတွေနဲ့ ဝယ်လို့ရတယ်။ ကာလာစုံအရောင်တောက်တောက် အိတ်လေးတွေကိုလဲ ဝယ်လို့ရတယ်။ ဈေးဆစ်တက်တဲ့ဘော်ဒါတွေရှိရင် ဈေးတွေဆစ်ပြီး အကြိုက်ဝယ်လို့ရတယ်။
🛍Promenada Resort Mall🛍
ချင်းမိုင်လေဆိပ်အကျော်နားလေးက နေရာလေး။ မြို့ထဲကနေ ၁၅ မိနစ်လောက် ကားလေးနဲ့သွားရင်ရောက်တယ်။ အဆောက်အအုံအကြီးကြီးထဲက Shopping Center ကြီးပေါ့။ ဝယ်စရာသိပ်တော့မရှိပေမယ့် ဓါတ်ပုံရိုက်လို့ အသေကောင်းတဲ့နေရာတစ်ခုပါ။
🍢🍤PP Buffet 🍢🍤
ဒါကအစားအသောက်ကြိုက်တဲ့ ဘော်ဒါတွေအတွက် အရမ်းဈေးသက်သာတဲ့ အကင်ဆိုင်လေး။ တစ်ယောက်ကိုမှ ၁၈၃ဘတ်ထဲရယ်။ အချိန်အကန့်အသတ်မရှိ အကြိုက်စား အဝစားလို့ရတယ်။ ဒန်ဒန့်လို အစားအသောက်မီးလိုတောက်တဲ့ ဘော်ဒါတွေရှိရင်တော့ အရမ်းတန်သွားပြီ။ အသားမျိုးစုံ ပင်လယ်စာမျိုးစုံ အချိုပွဲမျိုးစုံနဲ့ ရှယ်ပဲ။ အကင်အပြင် မြေအိုးလေးနဲ့ ဟော့ပေါ့လဲပါသေး။
ချင်းမိုင်ရောက်တာနဲ့ အဲ့ဆိုင်လေးကို ဘော်ဒါတွေစုပြီး စားဖြစ်အောင်စားခဲ့။
🙏🏼Silver Temple🙏🏼
အဲ့နေရာလေးကို Grab ကနေငှားမယ်ဆိုရင် Wat Sri Suphan ဆိုပြီးရိုက်ရင် ကားခေါ်ရတာပိုလွယ်တယ်။ ငွေနဲ့ဆောက်ထားတဲ့ ဘုရားကျောင်လေးပါ။ ဓါတ်ပုံတွေထဲမှာ အရမ်းလှလွန်းတဲ့ ကျောင်းဆောင်တစ်ခုပေါ့။ အဲ့ဘုရားကျောင်းဝင်းထဲမှာ အရမ်းတန်တဲ့ အုန်းနို့ခေါက်ဆွဲဆိုင်လေးရှိတယ်။ တခြားနေရာတွေမှာက ဘတ်၅၀ လောက်ကျတဲ့ ဖတ်ထိုင်းနဲ့ ချင်းမိုင်ခေါက်ဆွဲကို အဲ့ဝင်းထဲကဆိုက်လေးမှာ ဘတ်၃၀ လောက်နဲ့ရောင်းပေးတာ။ အရသာကလဲရှယ်ကောင်း။ အဲ့တော့ ဓါတ်ပုံလေးရိုက် ဖက်ထိုင်းလေးစား အိုကေ။
🙏🏼


Wat Chedi Luang🙏🏼
ချင်းမိုင်မြို့ဟောင်းထဲမှာရှိတဲ့ စေတီအဟောင်းကြီးတစ်ခု။ စစ်ကိုင်းပုထိုးတော်ကြီးလို ပုံစံမျိုးပါ။ ဘော်ဒါတွေအဖွဲ့လိုက်ဓါတ်ဖမ်းလို့ အရမ်းကောင်းတဲ့ နေရာတစ်ခုပေါ့။ ပြီးရင် အဲ့အနီးအနားမှာလဲ ဘုရားလေးတွေရှိတယ်။
👯‍♀️Zoe in Yellow 👯‍♀️
သောက်မယ့်စားမယ့်ဘော်ဒါတွေအတွက် အရမ်းမိုက်တဲ့နေရာလေးတစ်ခုပါ။ ဝင်ကြေးပေးစရာမလို ဘီယာဝယ်သောက်ရုံပဲ။ လမ်းကြားလေးထဲက ဘားလေးတွေနဲ့ တစ်ဖွဲ့လုံး အေးဆေး Chill လို့ရတယ်။ ကွေးနေအောင်ကတဲ့ ဘော်ဒါတွေအတွက်လဲ DJ လဲရှိပြီးသားဆိုတော့ အိုကေ။ တစ်ခုလေးပဲဆိုးတာ Midnight ဆိုတာနဲ့ ဆိုင်တွေအကုန်ပိတ်တာ။ အဲ့တော့ ဒီမှာလို ၁၁ လောက်မှမထွက်ပဲနဲ့ ဘော်ဒါတွေ စောစောသွားစောစောပြန်ပေါ့။ ဈေးတွေကလဲ ပုံမှန်ပဲ အရမ်းသက်သာသောနေရာပါ။
အခုဆိုရင်တော့ ကျွန်တော်တွက်ပြတဲ့ဈေးလေးနဲ့ဘော်ဒါတွေစုပြီးသွားလို့ရတဲ့နေရာလေးတွေ တော်တော်စုံစုံလင်လင်လေးဖြစ်မယ်လို့ထင်ပါတယ်။ နောက်ပြီးချင်းမိုင်မှာ တခြားသွားစရာနေရာတွေအများကြီးရှိသေးတယ်။ တောင်ပေါ်လမ်းတစ်လျှောက်က ကော်ဖီဆိုင်လေးတွေ၊ ဘော်ဒါတွေအကုန်တောထဲမှာ ကြိုးတွေစီးပြီး လုပ်ရမယ် Activities တွေ၊ တောရိုင်းတိရစ္ဆာန်တွေကို ညအချိန်မှာ သွားကြည့်လို့ရမယ့် Night Safari ၊ ချင်းရိုင်ဘက်က White Temple,Blue Temple,Black Temple စတဲ့နေရာတွေအများကြီးလဲ ချင်းမိုင်ကနေသွားလို့ရသေးတယ်။ လမ်းဘေးမှာရောင်းတဲ့ တိုးလေးတွေကြည့်ပြီးတော့ အလွယ်တကူသွားလို့ရတယ်။ ချင်းမိုင်ဆိုတာ တကယ့်ကို လူငယ်တွေအတွက် အရမ်းအရမ်းမိုက်တဲ့ မြို့လေးတစ်မြို့ပါ။ ကိုယ်နဲ့အတူတူသွားချင်တဲ့ ဘော်ဒါတွေကိုလဲ Like&share လေးနဲ့ mention လေးကွန့်မန့်မှာရေးပေးခဲ့ပါအုံး။
ဒန်ဒန့်ရဲ့ခရီးသွားတဲ့အကြောင်းတွေကို အမြဲဖတ်ပေးတဲ့ ဘော်ဒါတွေအားလုံးကို ကျေးဇူးအထူးပါဗျ။ နောက်ထပ်လဲခရီးတွေသွားပြီး ကြုံခဲ့ရတဲ့အကြောင်းအရာလေးတွေကို ပြောပြပေးပါအုံးမယ်။ ဘော်ဒါတွေအကုန်စုပြီးတော့လဲ ခရီးတွေသွားနိုင်ကြပါစေ။ ပုံလေးတွေကြည့်ပြီးတော့လဲ အပျော်တွေကူးစက်နိုင်ကြပါစေဗျ။ ချစ်တယ် မွမွ

Comments